အရိုးပွခြင်း နှင့် ဟော်မုန်းရောဂါများ
အိမ်က အမေ၊ အဖွားတွေ ရေချိုးခန်းထဲချော်လဲလို့ လက်ထောက်မိရာက အရိုးကျိုးသွားတာ၊ ဖင်ထိုင်ရက်ကျမိရာက တင်ပါးဆုံရိုးအက်သွားတာ၊ ခါးတွေကုန်းလာတာတွေရဲ့ အဓိကလက်သည်က အရိုးပွခြင်းပါ။
ဘယ်သူတွေ အရိုးပွရောဂါ ပိုဖြစ်သလဲ?
အသက်ကြီးသူနဲ့ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အမျိုးသားတွေမှာလည်း ဖြစ်နိုင်သလို အချို့ အသက်ငယ်တဲ့သူတွေမှာလည်း ရောဂါကြောင့် ဖြစ်တတ်ပါတယ်။
အသက် ၅၀ ကျော် အမျိုးသမီး ၂ ယောက်မှာ ၁ ယောက်၊ အမျိုးသား ၅ ယောက်မှာ ၁ ယောက်ဟာ အရိုးပွခြင်းကြောင့် အရိုးကျိုးနိုင်ပါတယ်။
- အရိုးဘာကြောင့် ပွရသလဲ?
အကြောင်းရင်းကတော့ ဟော်မုန်းဓာတ် မညီမျှခြင်း၊ ရောဂါတစ်ခုခုရှိနေခြင်း၊ ဆေးများနှင့် နေထိုင်မှုဘဝပုံစံကြောင့် ဖြစ်ပါတယ်။
အမျိုးသမီးတွေမှာ သွေးဆုံးပြီးတဲ့အခါ သွေးတွင်း အီစထရိုဂျင်ဟော်မုန်း သိသိသာသာ နည်းသွားခြင်း၊ အကြောင်းတစ်ခုခုကြောင့် ငယ်ငယ်ရွယ်ရွယ်မှာ အီစထရိုဂျင် ဟော်မုန်းနည်းခြင်း၊ သိုင်းရွိုက်ဟော်မုန်းများသောရောဂါ၊ ခန္ဓာကိုယ်တွင်း စတီးရွိုက်ထုတ်လုပ်မှုများသော ရောဂါ၊ အမျိုးသားတွေမှာ ကျားဟော်မုန်း (တက်စတိုစတီရုမ်း) နည်းသောရောဂါ၊ သွေးလေးဖက်နာရောဂါ၊ နာတာရှည်ကျောက်ကပ်ရောဂါနှင့် အချို့သော အူလမ်းကြောင်းရောဂါများမှာ အရိုးပွစေပါတယ်။
ရောဂါကြောင့်သောက်နေရသော စတီးရွိုက်ဆေး၊ အတက်ကျဆေး၊ ရင်သားကင်ဆာအတွက်နှင့် ဆီးကျိတ်ကင်ဆာအတွက် ဟော်မုန်းဆေးများရဲ့ ဘေးထွက်ဆိုးကျိုးများကြောင့်လည်း ဖြစ်စေပါတယ်။
ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ မလုပ်ခြင်း၊ ကိုယ်အလေးချိန်မပြည့် အဟာရမပြည့်ဘဲ ပိန်လွန်းခြင်းတို့ကြောင့်လည်း အရိုးပွစေပါတယ်။
- ဘာလက္ခဏာတွေရှိလဲ?
အရိုးပွနေတဲ့အတွက် သာမာန်မပြောပလောက်သော ထိခိုက်ဒဏ်ရာရုံ၊ အသာလေးချော်လဲရုံနဲ့ အရိုးကျိုးတတ်ပါတယ်။ ကိုယ်ခန္ဓာအနှံ့ ဘယ်အရိုးမဆိုကျိုးနိုင်ပေမယ့် တင်ပါးဆုံရိုး၊ ပေါင်ရိုး၊ လက်ကောက်ဝတ်နဲ့ ကျောရိုးဆစ်ကလေးများက ပိုကျိုးတတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ နေ့စဥ်လုပ်ငန်းဆောင်တာများမလုပ်နိုင်ခြင်း၊ နာတာရှည်အိပ်ရာထဲလဲနေရခြင်း၊ လချီနှစ်ချီပြီး ခါးနာနေခြင်း၊ အရပ်ပုဝင်ခြင်း၊ ခါကုန်းခြင်း၊ ခါးရိုးပုံမမှန်ခြင်းများ ဖြစ်စေပါတယ်။
ဓာတ်မှန်ရိုက်ခြင်း၊ အရိုးသိပ်သည်းဆစစ်ဆေးခြင်း၊ သွေးစစ်ခြင်းများဖြင့် ရောဂါကို သိရှိနိုင်ပါတယ်။
ဘယ်လို ကာကွယ်ကြမလဲ?
အရိုးသန်မာစေခြင်း
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းဟာ အရိုးတည်ဆောက်ခြင်းအတွက် အကောင်းဆုံးပါ။ ကိုယ်လက်လှုပ်ရှားနေရင် အရိုးများကို အလုပ်ပိုလုပ်စေ၊ သန်မာစေသလို ကိုယ်အလေးချိန်လည်း ပုံမှန်ဖြစ်အောင် ထိန်းထားနိုင်ပါတယ်။ တစ်ရက်ကို ၁၅ မိနစ်၊ နာရီဝက်ခန့် အချိန်ပေးပြီး အလေးမခြင်းနှင့် အင်အားစိုက်ထည့်လုပ်ရမယ့် လေ့ကျင့်ခန်းများ အဓိကထားလုပ်ပါ။ လမ်းလျှောက်ခြင်း၊ ရွရွခုန်ခြင်း၊ လှေကားတက်ခြင်း၊ ယောဂကစားခြင်း၊ ရေကူးခြင်းကဲ့သို့ ကြွက်သားကိုသန်မာတောင့်တင်းစေသော လေ့ကျင့်ခန်းများဟာလည်း ကိုယ်ခန္ဓာအလေးချိန်ကို အမြဲထမ်းနေရတဲ့ အရိုးအတွက် အကူအညီဖြစ်စေပါတယ်။
ကယ်လဆီယမ် ဖြည့်တင်းခြင်း
ကျန်းမာရေးနှင့် ညီညွတ်သောအစာအဟာရများ ပြည့်ဝအောင်စားပါ။ အရိုးတစ်ရှူးတွေဟာ ပျက်စီးလိုက်တည်ဆောက်လိုက် အမြဲဖြစ်နေတဲ့အတွက် အရိုးတည်ဆောက်ဖို့ ကယ်လဆီယမ်ဓာတ်ဟာ နေ့စဥ်လိုအပ်ပါတယ်။ လူကြီးတစ်ယောက်အတွက် အဆီနည်းသောနွားနို့၊ နို့ထွက်ပစ္စည်းများနှင့် ငါးအမျိုးမျိုးကို နေ့စဥ်စားသုံးရင် လုံလောက်ပါတယ်။ လိုအပ်လာရင် ဆရာဝန်ညွှန်ကြားချက်အတိုင်း ကယ်လဆီယမ်အားဆေးမှီဝဲနိုင်ပါတယ်။
Vitamin D လုံလောက်အောင်သတိပြုခြင်း
နေ့စဥ်နေရောင်ခြည်နုနု ၁၅ မိနစ်ခန့်ခံယူခြင်း၊ ဆေးသောက်ခြင်းဖြင့်လည်း အူလမ်းကြောင်းက ကယ်လဆီယမ် စုပ်ယူနိုင်ရန် အရေးပါတဲ့ vitamin D ကို ဖြည့်ဆည်းနိုင်ပါတယ်။
ဒါတွေအပြင် ဆေးလိပ်၊ အရက်ကလည်း ရှောင်ကျဉ်ရမှာဖြစ်ပါတယ်။
သွေးဆုံးပြီးအမျိုးသမီးများကတော့ လိုအပ်လာရင် ဆရာဝန်နှင့် တိုင်ပင်ပြီး ဟော်မုန်းအစားထိုးကုထုံးခံယူနိုင်ပါတယ်။ ရောဂါနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ဆရာဝန်များနဲ့ လိုအပ်သလို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။